Sunday, February 11, 2018

ဆူဝေအောင် ချူတွေဆွဲလို့ရယ် “မောင်နဲ့မယ် တူယှဉ်တွဲခါမှ ယူငင်ကာ ချူဆင်ဆွဲလို့ရယ် လှည်းယဉ်နဲ့မောင်း။”

ဆူဝေအောင် ချူတွေဆွဲလို့ရယ်
ရန်ဝင်း (တောင်တံခါး)
မတ် ၂၀၊ ၂၀၁၁

“မောင်နဲ့မယ် တူယှဉ်တွဲခါမှ
ယူငင်ကာ ချူဆင်ဆွဲလို့ရယ်
လှည်းယဉ်နဲ့မောင်း။”
အမည်မသိ ရှေးစာဆို

ချူတွေဆွဲတယ်လို့ ဆိုလိုက်ရင်ပဲ ချူကုံးတွေဆွဲထားတဲ့ နွားတွေကို အရင်ဆုံး စဉ်းစားမိကြပေလိမ့်မယ်။ အမှန်ပါပဲ။ ပွဲလမ်းသဘင်သွားကြတဲ့အခါ လှည်းယဉ်မှာ ‘က’ထားတဲ့ နွားတွေကို ချူကုံးတွေ ဆွဲပေးလေ့ရှိပါတယ်။ 

ကြေးဝါကို အရည်ကြို ပုံလောင်းပြီး ချူလုံးကလေးတွေ လုပ်ပါတယ်။ ချူလုံးတွေရဲ့အထဲမှာ ကြေးစေ့ကလေးတွေထည့်ထားတော့ လှုပ်လိုက်ရင် အသံသာသာ မြည်တယ်။ ချည်ကြိုးနဲ့ ချူလုံးတွေကို သီလိုက်တော့ အသံစုံမြည်တဲ့ နွားလည်ဆွဲ ချူကုံးတွေဖြစ်လာတယ်။ ချူကုံးတွေနဲ့အတူ နွားက ကြိုးတန်ဆာတွေကိုလည်း ဆွဲပေးတတ်ပါသေးတယ်။


 
ကြေးဝါ ချူလုံးကလေးတွေ

အများအားဖြင့်တော့ နွားတွေကို ခလောက်ပဲ ဆွဲပေးကြတယ်။ ခလောက်ဆိုတာ အခေါင်းတခု ထွင်းထားတဲ့ သစ်သားတုံးရဲ့အလည်မှာ ခလောက်ဆန် လို့ခေါ်တဲ့ သစ်သားတုံးကလေးတွေကို တွဲလဲ ဆွဲထားတယ်။ ဝါးခလောက် နဲ့ သံပြား ကြေးပြားကို ခပ်ကြမ်းကြမ်းထုပြီး ပုံသွင်းထားတဲ့ ခလောက်မျိုးတွေလည်း ရှိပါတယ်။ 

 
သစ်သားခလောက်

 
သံပြား နဲ့ ကြေးနီပြား ခလောက်

နွားက လှုပ်ရှားလိုက်တဲ့အခါတိုင်း ခလောက်ဆန်က ခလောက်ရဲ့အတွင်းနံရံကို ရိုက်မိပြီး အသံမြည်ပါတယ်။ ခလောက်ဆန်ရဲ့ တည်ငြိမ်မှုမရှိတဲ့သဘောကို ဥပမာတင်စားပြီး လူကြီးသူမများက သားသမီးတွေကို ခလောက်ဆန် လုပ်မနေကြလေနဲ့ လို့ ဆိုဆုံးမတတ်ကြတယ်။ 

ခလောက်တခုနဲ့တခု အသံထွက်ချင်းမတူကြပါ။ နွားစားကျက်ထဲမှာ နွားတွေအများကြီးလွှတ်ပြီး ကျောင်းထားပေမယ့် နွားကျောင်းသားတွေက ခလောက်သံကို နားထောင်ပြီး ကိုယ့်နွားဘယ်မှာရှိတယ် ဆိုတာကို သိနိုင်ပါတယ်။

မြန်မာ့ရိုးရာဓလေ့ အညာက ကျေးလက်ယဉ်ကျေးမှုမှာ နွားဆိုတာ မရှိမဖြစ် လိုအပ်ပါတယ်။ နွားဆိုတဲ့အမျိုးက လယ်ယာလုပ်ငန်းခွင်ကစပြီး သယ်ယူပို့ဆောင်ရေးအလယ်၊ ဆီကြိတ်တဲ့ ဆီဆုံမှာ ရုန်းရတာကအဆုံး တနှစ်တာကာလပတ်လုံး နားချိန်မရှိတဲ့ အချိန်ပြည့်အလုပ်သမားပါပဲ။ သိပ်ပြီး မကြာလှသေးတဲ့အချိန်အထိ မြန်မာပြည်အရပ်ရပ်မှာ နွားကိုအသားပေးထားတဲ့ နွားအလှပြိုင်ပွဲ၊ ဒုန်းလှည်းပြိုင်ပွဲနဲ့ အသားကျ အလှစီးလှည်းပြိုင်ပွဲတွေ ရှိခဲ့ဖူးတယ်။

တောင်သူလယ်သမားတွေအဖို့မှာတော့ နွားတွေနဲ့လည်ပင်းဖက်ပြီး အတူတူ ရုန်းဖော် ရုန်းဖက်တွေမို့ နွားတွေကို လုပ်ဖော်ကိုင်ဖက်လို သဘောထားရုံတင်မကဘဲ သားသမီးပမာ ချစ်ခင်ကြ၊ ကျေးဇူးရှင်လိုလည်း လေးစားကြပါတယ်။ 

မိုးဦးကျပြီဆိုတာနဲ့ မိုးရေကိုပဲ လုံးလုံးလျားလျား အားထားရတဲ့ မိုးကောင်းတော လယ်ကွင်းတွေရော ဆည်ရေသောက်၊ ကန်ရေသောက် လယ်ကွင်းတွေမှာပါ နွားတွေနဲ့ ထယ်ထိုးတာက စခဲ့တယ်။ တကယ်တမ်းမှာတော့ လယ်သမားကြီးတွေက ကိုယ့်ရဲ့ ဓားမဦးချ လယ်မြေလုပ်ငန်းခွင်သုံးဖို့ အတွက် ထယ်တွေ၊ ထွန်တွေကို တနွေလုံး ပြင်ဆင်နေခဲ့ကြရတာပါပဲ။ 

 
လယ်လုပ်ငန်းမှာ ထယ်ထိုးတာက စ ခဲ့တယ်

လယ်မြေကို ထယ်ထိုး ထယ်ခွဲပြီးရင် လယ်ထွန်ချိန်ပေါ့။ လယ်ထွန်တဲ့ ထွန်ကို နွားတွေနဲ့အတူတူ ရုန်းရ ဆွဲရ တွန်းရပြန်တော့တယ်။ ထွန်ရေးညက်အောင် လယ်ထွန်တယ်ဆိုတာ အင်မတန်မှအရေးကြီးပြီး သိမ်မွေ့တဲ့ အသေးစိတ်လုပ်ငန်းတခုပါ။ လူရော နွားရော သိပ်ပင်ပန်းပါတယ်။

“ဆေးတံတထွာ
ကိုက်ကာထွန်ရင်း
လယ်ကွက်ကယ်တခွင်
ထွန်ရေးငင်
ရေဝင် ပုဇွန်တွင်းငယ်နှင့်လေး”
လယ်သမားဖွဲ့တျာချင်း
ဝန်ကြီးပဒေသရာဇာ
(မြန်မာသက္ကရာဇ် ၁ဝ၄၅-၁၁၁၆)

 
ထွန်ရေးကောင်းမှ စပါးထွက်ရေးကောင်းမယ်တဲ့

လယ်တွေမှာ ကောက်စိုက်ချိန်ရောက်ပြန်တော့ ဒီနွားတွေနဲ့ပဲ ပျိုးပင်တွေသယ်တဲ့ လှည်းကို ဆွဲရတော့တာပါပဲ။ စပါးပင်တွေရင့်မှည့်ကြလို့ ကောက်ရိတ်သိမ်းချိန်ရောက်ပြန်တော့ ရိတ်သိမ်းပြီးတဲ့ ကောက်လှိုင်းစည်းတွေကို လှည်းနဲ့အပြည့်တင်ပြီး ကောက်တလင်းတွေဆီ အခေါက်ခေါက် ပို့ရတယ်။ 

ကောက်လှိုင်းစည်းတွေကို တလင်းပြင်မှာဖြန့်ခင်းပြီး စပါးနယ်တော့လည်း အဲဒီနွားတွေနဲ့ပါပဲ။ လှည်းပေါ်မှာ ဖျာကြမ်းခင်း၊ ရိုင်ပတ်တွေကာပြီး လှေ့ထားတဲ့ စပါးတွေကိုတင်ရတယ်။ သိုလှောင်ထားမယ့် စပါးကျီတွေအရောက် သယ်ပို့ပေးရပါသေးတယ်။ ပြီးတော့တခါ စပါးနယ်ပြီးလို့ အရိုးချည်းကျန်တဲ့ ကောက်ရိုးစည်းတွေကို သယ်ရပြန်တယ်။ အဲဒီ ကောက်ရိုးက အဓိကနွားစာပါပဲ။

 
ကောက်ရိုးဆိုတာ အဓိက နွားစာ

ကျေးလက်ဒေသမှာ ကောက်ရိုးအသုံးကလည်း ခပ်များများဆိုတော့ နွားစာဖို့ ကောက်ရိုး ပြတ်မယ့်ကြံရင် မြက်ရိတ်ထွက်လို့ မြက်ခြောက်တွေသယ်တဲ့ လှည်းကိုဆွဲရပြန်သေးတယ်။

 
နွားစာအတွက် ကောက်ရိုးပြတ်ရင် မြက်ခြောက်ထပ်ရတယ်

လယ်ယာအလုပ်တွေပြီးတဲ့အခါ နွားတွေနားရတော့မယ်လို့ မထင်လိုက်ပါနဲ့။ နွားတွေခမျာ ထင်းခုတ် ဝါးခုတ်ဖို့သွားတဲ့ လှည်းတွေနဲ့ ခရီးသွားဖို့ လှည်းတွေကို ဆွဲရပြန်တော့တယ်။

“ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်ဒေါင်။
ပျိုတို့မောင် လယ်ယာ မလုပ်တယ်၊ ဝါးခုတ်တဲ့တောင်။”
အမည်မသိ ရှေးစာဆို

နွေရာသီမှာ ဘယ်လောက်ပဲ ပူပါစေ၊ ထန်းရွက်မိုးထားတဲ့ တဲအိမ်တွေဆိုရင် ထန်းရွက်နံ့ကလေးက ခပ်သင်းသင်း၊ တောင်ပြန်လေကလေးက တဖြူဖြူးနဲ့ တိုက်လိုက်တဲ့အခါ ရင်ထဲအထိအေးမြသွားတာပါပဲ။ အဲဒီတော့ တဲမိုးဖို့ ထန်းရွက်တွေကို သယ်ရပြန်တာပေါ့။

 
ထန်းပင် ထန်းလက် ထန်းရွက်တွေက အသွယ်သွယ်ပါ မောင်ရယ်

ရွာစည်းရိုး ခြံစည်းရိုးတွေကို ဆူးပါတဲ့အပင်တွေနဲ့ ကာကြတယ်။ ခပ်ဝေးဝေးက တောတွေထဲမှာ အဲဒီဆူးပင်တွေကို ညအိပ်ညနေသွားပြီး ခုတ်ရတတ်တယ်။ အဖွဲ့လိုက်သွားပြီး ခုတ်လေ့ရှိတော့ အပြန်မှာ ဆူးချုံပင်အပြည့်ပါလာတဲ့ လှည်းတန်းကြီးကို တမျှော်တခေါ် တွေ့ရတတ်တယ်။

 
ဆူးချုံပင်တွေသယ်လာတဲ့ လှည်းတန်းကြီး

ကျေးလက်ဒေသ တောအရပ်တွေမှာတော့ မော်တော်ကားဆိုတာက ခပ်ရှားရှား၊ အလွယ်တကူ မရနိုင်တဲ့ အကန့်အသတ်နဲ့ယာဉ်ပါ။ အဲဒီတော့ ခရီးယာယီသွားဖို့အတွက် လှည်းကြမ်းရော လှည်းယဉ်ပါ သုံးကြရပါတယ်။ 

 
အများသုံး လှည်းကြမ်း

 
ရှေးပိုကျတဲ့ စပ်လှည်ဘီးနဲ့ လှည်းယဉ်

 
ဒေါက်လှည်ဘီးနဲ့ လှည်းယဉ်

“လှည်းယဉ်လေလေ
လှုပ်တယ်မေရယ့်
သုတ်သုတ်ကလေးနှင်လို့လာ”
ရပ်ကြီးသူ၊ ရေး-လှည်းတန်းဦးလူလေး

 
ရှေးတုန်းက လှည်းယဉ်တွေဆင်တဲ့ နေရာ

လှည်းနဲ့ခရီးသွားတဲ့အခါ ‘အရင်လို လမ်းအိုလိုက်’ ဆိုသလိုပဲ အခေါက်ခေါက်အခါခါ သွားထားလို့ ဖုန်တွေထူနေတဲ့ လှည်းလမ်းကြောင်းတလျှောက် လိုက်ပြီးသွားရတာက များတယ်။ လေတိုက်လိုက်တဲ့အခါ ဖုန်လုံးကြီးတွေက လှည်းတွေရဲ့နောက်မှာ တလိပ်လိပ်တက်လာကြလေတယ်။

 
လှည်းလမ်းကြောင်းတလျှောက် ဖုန်လုံးကြီးတွေက တလိပ်လိပ်

တခါတလေမှာလည်း လှည်းလမ်းမရှိလို့ လမ်းထွင်ပြီးသွားရတတ်တယ်။ နွားခြေရာတွေနဲ့ လှည်းဘီးရာတွေပေါင်းစပ်ပြီး လမ်းသစ်တခုဖြစ်လာပြန်တယ်။ ဆူးချုံနဲ့ ခရောင်းတောတွေ အပြည့်ရှိနေပေမယ့် သွားဖန်များရင်တော့ လမ်းဖြစ်မှာပါပဲ။

 
သွားဖန်များရင်တော့ ဆူးချုံတောလည်း လမ်းဖြစ်မှာပဲ

နေပူပူမှာခရီးသွားရင် လည်းမောင်းတဲ့လှည်းသမားက ခမာက်ကိုဆောင်းလို့၊ လှည်းစီး ခရီးသည်တွေက လှည်းပေါင်းမိုးအောက်မှာ စီးကြတယ်။ နွားတွေကတော့ နေရောင်အောက်မှာ ကျောပူစမြဲပါပဲ။

 
မင်းကွန်းက ပေါင်းမိုးလှည်း

နွားဆွဲတဲ့လှည်းဆိုတော့ ဖြည်းဖြည်းမှန်မှန်ပဲလေ။ အမြင်နီးပေမယ့် ခရီးဝေးတဲ့တောင် ဆိုတဲ့ စကားရှိပါတယ်။ သွားရမယ့်ခရီးက ဝေးသေးပေမယ့် တနေ့တလံ ပုဂံဘယ်ပြေးမလဲ ဆိုတာလိုပဲ သွားဖန်များတော့ ခရီးရောက်သတဲ့။

 
သွားဖန်များတော့ ခရီးရောက်သတဲ့

သွားရတာများသလောက် ခရီးဝေးမရောက်တဲ့ နွားကတော့ ကာမဘုံသား ဆုံလည်နွားသို့နှယ် ဆိုတဲ့စကားအတိုင်း ဆီကြိတ်တဲ့ဆီဆုံကို လည်အောင်လှည့်ရတဲ့နွားပါပဲ။ ဆီဆုံလှည့်ဖို့ရာ နွားကို ကျင့်ပေးရသေးတယ်လို့ ကြားဖူးပါတယ်။ ဘယ်လှည့်နွား နဲ့ ညာလှည့်နွားရယ်လို့ နှစ်မျိုးရှိပါသတဲ့။

 
ကာမဘုံသား ဆုံလည်နွားသို့နှယ်

တောင်တန်းဒေသတွေမှာ လှည်းလမ်းမပေါက်တော့ ပစ္စည်းတွေထည့်ထားတဲ့ ခြင်းကြီးနှစ်ခုကို ဝန်တင်နွားတွေရဲ့ကျောပေါ်မှာ သားရေအုံးတွေခံထားပြီး ဘယ်ညာချိတ်ဆွဲလို့ သယ်ရတယ်။ လှည်းမဆွဲရပေမယ့် ကျောကွဲမတတ် ရုန်းရပြန်တယ်။

“ဆောင်းဦးကာလ နှင်းကျသော့ခါ
တောင်ပိုင်ထဲကို တက်မြဲနွားတရာ
ဘဲတောင် နွားဝါ နွားပြာ ချိုကုပ်
တင်ခြင်းငယ်ချောပြေ အုံးသားရေ
ယဉ်ခွေသာ နောက်မြီးသုတ်ကယ်နှင့်လေး”
တောင်ပိုင်တက်ဖွဲ့တျာချင်း
ဝန်ကြီးပဒေသရာဇာ
(မြန်မာသက္ကရာဇ် ၁ဝ၄၅-၁၁၁၆)

 
ဝန်တင်နွားတို့ နားတဲ့စခန်း

တောင်သူလယ်သမားတွေအတွက် မရှိမဖြစ် အရေးပါလှတဲ့ နွားတွေကို နွားပွဲတွေမှာ ရောင်းကြ ဝယ်ကြတယ်။ နွားရဲ့ကျန်းမာရေး ကောင်း၊ မကောင်း စစ်ဆေးဖို့နဲ့ အသက်ကိုခန့်မှန်းဖို့ နွားတွေကို သွားဖြဲကြည့်ကြတယ်။ အလကားရတဲ့နွား သွားဖြဲကြည့်တာမျိုးမဟုတ်ဘဲ အမှန်တကယ် ကြည့်ရပါတယ်။ ရိုးရာဓလေ့ယုံကြည်မှုအတိုင်း နွားကိုယ်ပေါ်က ‘ဗွေ’ တွေကို စစ်ဆေးကြတယ်။ ဗွေကောင်းပါတဲ့နွားဆိုတာ ဘယ်တော့မှ ဗွေဖောက်လေ့မရှိတာကြောင့် တသက်တာပတ်လုံး ပြန်ပြီးမရောင်းတော့ဘူးလို့ ပြောကြတယ်။

“နွားပိုက်တင်နွား
စိတ်ထားယဉ်မှန်
မျက်ကြား ဗွေကောင်း
မရောင်း တသက်ပန်
ဗွေတံခွန်ကို”
တောင်ပိုင်တက်ဖွဲ့တျာချင်း
ဝန်ကြီးပဒေသရာဇာ
(မြန်မာသက္ကရာဇ် ၁ဝ၄၅-၁၁၁၆)

 
မြန်မာ့ရိုးရာ နွားပွဲ

 
နွားပွဲက နွားရောင်စုံ

ရေရှားတဲ့အညာအရပ်ဒေသက နွားတွေဆိုရင် ရေချိုမရနိုင်တဲ့အခါ ရေတွင်းတွေက ရေငန်ကို သောက်ပြီး မြက်ခြောက်ပဲစားရတဲ့အခါတွေ ရှိတာပေါ့။ ချောင်းတွေ ကန်တွေက ရေချိုများ တွေ့ပလား ဆိုရင်ဖြင့် နွားငတ် ရေကျသလိုပဲလို့ ပြောကြတဲ့အတိုင်း ဝမ်းပိုက်ကားအောင် သောက်ကြရရှာတယ်။

နွားငတ် ရေကျ ဆိုသလိုများ

နေဝင်ရီတရော နေရောင် ခပ်မှိန်မှိန်အချိန်ရောက်ရင် စားကျက်မှာလွှတ်ပြီး ကျောင်းထားတဲ့ နွားတွေ ရွာထဲကို ပြန်သွင်းရတယ်။ နွားရိုင်းသွင်းချိန် လို့ ခေါ်ပါတယ်။

 
နေရောင်က ခပ်မှိန်မှိန် နွားရိုင်းသွင်းချိန်

 
ကောက်ရိုးလှည်း နှစ်စီးတိုက်

 
ကောက်ရိုးလှည်း နှစ်စီးတိုက်စာသယ်နိုင်တဲ့ ထော်လာဂျီ

ဒီကနေ့ မြန်မာပြည်ထဲမှာ တရုတ်နိုင်ငံဇာတိ ‘ထော်လာဂျီ’ လို့ခေါ်တဲ့ယာဉ်တမျိုးကို သုံးနေကြပြီ။ မူရင်း လယ်ထွန်စက်ကို ထပ်ဆင့်တီထွင်လိုက်တဲ့ ယာဉ်တမျိုးပါ။ မော်တော်ကားထက် အဆပေါင်းများစွာ ဈေးပိုချိုပြီး ပြည်တွင်းမှာ ကိုယ်ထူကိုယ်ထ တနိုင် ချက်တဲ့ ဒီဇယ်ဆီနဲ့လည်း မောင်းနိုင်တယ်။ ဒါကြောင့်ပဲ မြန်မာပြည်အနှံ့အပြားမှာ ထော်လာဂျီတွေကို တနေ့တခြား အသုံးများလာပြီ။ အသုံးများလိုက်ပုံမှာကတော့ ဒီကနေ့ ကျေးလက်ဒေသရဲ့ ကူးသန်းသွားလာ သယ်ယူပို့ဆောင်ရေးကို ထော်လာဂျီယဉ်ကျေးမှု လို့တောင်မှ ခေါ်ရတော့မလိုပါပဲ။

 
မြန်မာပြည်အနှံ့အပြား အသုံးများလာတဲ့ ထော်လာဂျီ

နွားလှည်းအစား ထော်လာဂျီကို လူစီးယာဉ်အဖြစ်လည်း သုံးတယ်။ တလုံးထိုး အင်ဂျင်စက်သံက တညံညံ၊ အိပ်ဇောမီးခိုးက တထောင်းထောင်းနဲ့ပါပဲ။ တထိုင်းထိုင်း၊ တဒုံးဒုံးနဲ့ မြန်မာတပြည်လုံး ထော်လာဂျီသံ ဖုံးရောပေါ့။

 
ရွာသူ ရွာသားတွေ မြို့ကို ဈေးဝယ်သွားချိန်

ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းနဲ့အညီ၊ ခေတ်ရဲ့အခြေအနေက တောင်းဆိုလာတဲ့ လိုအပ်ချက်တခုကို ဖြည့်ဆည်းဖို့ ထော်လာဂျီယဉ်ကျေးမှု ပေါ်ပေါက်လာခဲ့တယ်။ အဲဒါကြောင့် နွားလှည်းအစား ထော်လာဂျီကို စီးတဲ့အခါလည်း စီးကြရပေလိမ့်မယ်။ ဒါပေမယ့် မြန်မာ့ရိုးရာဓလေ့ ကျေးလက် ယဉ်ကျေးမှုမှာ နွားလှည်းကိုတော့ လက်မလွှတ်နိုင်ကြသေးပါ။ 

ဝါးခုတ်သွားတုန်းက လှည်းကြမ်းကြီးနဲ့ဆိုတော့ လိုက်ဖက်အောင် နွားတွေမှာ ခလောက်တွေ ဆွဲပေးထားခဲ့တယ်။ မောင်နဲ့မယ် အတူယှဉ်တွဲကြတဲ့အခါမှာ လှည်းယဉ်စီးကြမယ်ဆိုတော့ နွားတွေရဲ့ လည်ပင်းက ခလောက်တွေကို ဖြုတ်ထားပြီး ဆူဆူဝေဝေ စီစီညံညံ အသံစုံမြည်တဲ့ ချူကုံးကလေးတွေ ဆွဲပေးရပေလိမ့်မယ်။ အခုအချိန်မှာတော့ ကိုယ့်နွားတွေကိုရော၊ ကြီးတော်ရဲ့နွားတွေကိုပါ အားစည်အောင် ကျောင်းနေတုန်း ကျောင်းနေဆဲပါပဲ။

“ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်ဒေါင်။
ပျိုတို့မောင် လယ်ယာ မလုပ်တယ်၊ ဝါးခုတ်တဲ့တောင်။
နွားညီနောင် အားစည်အောင်ပ ဖေကျောင်း။
မောင်နဲ့မယ် တူယှဉ်တွဲခါမှ
ယူငင်ကာ ချူဆင်ဆွဲလို့ရယ်
လှည်းယဉ်နဲ့ မောင်း။”
အမည်မသိ ရှေးစာဆို

အထူးကျေးဇူးတင်စွာနဲ့ ကိုးကားခြင်း

(၁) မဟာကဗျာကျမ်း၊ မြန်မာသြဘာ စာအုပ်တိုက်၊ ပထမအကြိမ်ပုံနှိပ်၊ ပြာသိုလ၊ မြန်မာသက္ကရာဇ် ၁၂၅၇
(၂) အင်တာနက် စာမျက်နှာများကရတဲ့ ထော်လာဂျီ၊ နွားများနဲ့ နွားလှည်းဓာတ်ပုံများ
(၃) Burma Art and Archaeology by Alexandra Green and T. Richard Blurton : 2002

No comments:

Post a Comment

ဆောက်​လုပ်​​ရေးနှင့်​လယ်​ယာ​မြေ

RE