Monday, February 12, 2018

Sunday, February 11, 2018

မန္တလေးသူတွေ

မန္တလေးသူတွေ " ကျွန်တော် .... ကျွန်တော် "  နဲ့ ပြောတာ ဘာကြောင့်လဲ 😁





မင်းတုန်းမင်း ကြီပေါ့ .. သိကြတဲ့အတိုင်း မိဖုရား ၅၀၀ နဲ့ စံစား တာလေ......
ဒါတောင် .. ၅၀၀ နဲ့ မလုံလောက်ပဲ
သူစက်တော် ခေါ်နေတုန်း အခန်းရှေ့က ခြေသံ ကြားတိုင်း..

" ဟဲ့ .. ဘယ်သူတုန်း "
ဟု လှမ်းလှမ်းပြီး မေးတယ်

ရံရွေတော် တွေက
" ကျမပါ ရှင့် "

ဆိုလျှင် .. အသံသြကြီး နှင့်

" ကျမဆို ဝင်ခဲ့လေ ကွယ် ...  ဟီးဟီး "

လုပ်တတ် လွန်းတော့ ရံရွေတော် တွေလဲ စိတ်ညစ်ကြ တာပေါ့ .......

မင်းကြီးရှေ့ ခြေဖွဖွပင် ဖြတ်မလျှောက် ရဲ ... လျှောက်လိုက်လို့ ကျမ်းပြင်က " ကျွီ " ခနဲ မြည်သွား ရင်တောင်
" ဟဲ့ ဘယ်သူ တုန်းးး "

ဆိုပြီး မေးတော့ ရံရွေတော် တွေလဲ ဘုရင်က မေးတော့ ဖြေရတာပေါ့

" ကျမပါ ရှင့် "

" ကျမဆို လာခဲ့အုံးကွဲ့ "

ထိပါများတော့ ရံရွေတော်တွေလဲ အထဲမဝင် ကြရအောင် တိုင်ပင်ကြတယ် ....
နောက်ဆုံးမှာ အဖြေတခု ထွက်လာပြီး  အရဲစွန့် ကြည့်ဖို့ ဆုံးဖြတ်လိုက် ကြတယ် ..............

ထိုအရာကား မင်းကြီး အခန်းရှေ့ ဖြတ်လျှောက်တဲ့ အခါ အရင်လို ခြေမဖွပဲ ခြေသံ ခတ်ပြင်းပြင်းနဲ့ လျှောက်ကြည့်ကြတယ် .... ထုံးစံ အတိုင်း

" ဟဲ့ ... ခြေသံ ပြင်းပြင်နဲ့ .. ဘယ်သူတုန်း!! "
ဆိုပြီး လုပ်ကြန်ရော... အဲ့ဒီမှာ ရံရွေတော်လေးက အရဲ စွန့်ပြီး အသံလေးပါ သြပြီး .......

" ကျွန်တော် ပါမင်းကြီး "

 ထိုအခါ မင်းကြီလည်း စိတ် မသက်မသာ အသံ ကြီးနဲ့ .......

" ကျွန်တော်ဆို သွား  ကျွန်တော်ဆို ရင်သွား "

ဆိုကာမှ ရံရွေတော်တွေ လဲ လွတ်လပ်စွာ သွားလာနိုင်ကြတော့ သတဲ့.....
အကြံ အောင်မြင်သွား ကြတဲ့ ရံရွေတော် တွေလဲ အခန်းရှေ့ ဖြတ်လျှောက်တိုင်း ခြေကျင်းကြီး တွေ ဝတ်ပြီးတဒုံးဒုံးနဲ့ ဖြတ်လျှောက် ကြတော့ တယ်တဲ့....

မင်းကြီး ကတော့ အသံကြားရင်

" ဟဲ့ ... ဘယ်သူတုန်း "

" ကျွန်တော် ......ကျွန်တော် "

" အေး ... ကျွန်တော် ဆိုရင် လစ်ချင် သလိုသာ လစ်လိုက်တော့ "

ဤသို့ဖြင့် .... မန္တလေးသူ များသည် " ကျွန်တော် ...ကျွန်တော် " ဟု ပြောဆိုသော အမူ အကျင့်နှင့်  ခြေကျင်း ဝတ်သော အလေ့အထ ထိုအချိန်က စသည် ဟူ၏  ............
 ( မယုံလျှင် ပုံပြင်ဟု မှတ်ပါ )

😁😁😁
Credit _ အကြည်တော်

နည်းမှန်​ လမ်းမှန်

နည်းမှန်​ လမ်းမှန်​ 😁


* ကိုကို . . . *

* ဟင်​ . . . သဲ​လေး ​ပြော​လေ *

* သဲ​လေ လားစီးချင်​တယ်​ . . . *

* အမ်​ . . . မရွံ မရှာကွာ . . . *

* ဘာလဲ သဲကန္တာရ မှာ စီးတဲ့ လားကို ​ပြောတာ. . . *

* ကိုယ်​လည်း အဲဒါ ​ပြောတာပါ သဲက ဘာထင် ​လို့လဲ . . . *

* ဟွန်း . . . ကိုကို ​နော်​ . . . *

ငတိမက ကြံကြံ ဖန်​ဖန်​ လားစီးချင်​တယ် ​တဲ့
လား ဆိုတာ ကျုပ်​တို့ ဆီမှာ ရှိမှ မရှိပဲ ကို . . .

* ဒီမှာက လား မရှိဘူး​လေ သဲရဲ့ တခြားဟာ စီး . . . *

* ဒါဆို ဘာစီးရ မှာလဲ . . . *

* ချားစီး ကြည့်​ ပါလား . . . *

* ထွီ. . . ရွံတာ . . . *

* လှည့်​တဲ့ ချားကို ​ပြောတာပါ . . . *

* ဟာ . . . အဲဒါ မစီးချင် ​ပါဘူး . . . အ​ကောင်​ တစ်​​ကောင်​ စီးချင်​တာ . . . *

* ဒါဆို . . . မြင်းစီး မလား သဲ . . .*

* ဟယ်​. . . အဲဒါ ​ကောင်းတယ်​ . . .သွားမယ်​​လေ . . .*
.
.
.
ငတိမက နှစ်​ခါ မဆွယ်​ရ ဘူး . . .
ဒါနဲ့ မြင်း​​ပေါ်ကိုလည်း တင်​​ပေး လိုက်​​ရော . . .

ငတိမက စပ်​ဖြဲဖြဲကြီး လုပ်​​နေတာ
သူ့ကိုယ်​သူ များ. . . ​ကောင်း ဘွိုင်​ . . .အဲ မဟုတ်​​သေးဘူး
ကောင်းဂဲလ်​ များ မှတ်​​နေလား မသိဘူး . . . 

* ကိုကို ဟိုဖက်​ . . .ဟိုဖက်​. . . *

* ကိုကို . . .ဟိုနား​လေး . . .*

* ကိုကို . . . အဲဒီ နား​လေး သွားဦးမယ်​. . . *

ငတိမက သွားချင်​ရာ သွား သူက မြင်း​ပေါ်မှာ ဆို​တော့ ဘယ်​​ညောင်းပါ့ မလဲ​ဗျ
ကျုပ်​က လမ်း​လျှောက်​ လိုက်​ရတဲ့သူ . . .

* ကိုကို . . . *

* အမ်​. . . ​ပြော​လေ . . .*

* မြင်းစီးရတာ တစ်​မျိုးကြီး ပဲ . . . ​ညောင်း​နေ သလားလို့ . . .*

ဪ ​ပြောရက်​ ပ​လေ ငတိမ ရယ်
လမ်းဆင်း​လျှောက်​ ကြည့်​ခိုင်း ရမယ်​ . . .
မထူးဘူး​လေ အချွန်​နဲ့ မ ​ပေးလိုက် ​ဦးမှပါ . . .

* သဲက မြင်းစီးတာ နည်းလမ်းမှ မကျတာ . . .*

* ဒါဆို ဘယ်​လို စီးရမှာလည်း ကိုကို *

* ဇက်​ကြိုးကို ​သေ​သေ ချာချာ ကိုင်​ထား . . . *

* ဟုတ်​ . . . *

ကိုင်​လည်း ပြီး​ရော . . . မြင်းဖင်​ကို ခပ်​စပ်​စပ် ​​လေး ရိုက်​​ပေး လိုက်​တယ်​ .

ငတိမလည်း ကိုးယို့ ကားယား နဲ့ ပါသွားတာ​ပေါ့

* ကယ်​ပါဦး . . . ကယ်​ပါဦး ကိုကို . . . *

ကိုယ့်​ထိုက် ​နဲ့ ကိုယ့်​ကံ ပဲ​လေ . . .

လှည့်​​တော့ မကြည့်​မိ ဘူး . . .
ဒါ​ပေမယ့်​ စိတ်​ထဲ က​တော့ တစ်​ခု ​ပြောလိုက် ​မိတယ်​ . . .

မြင်းစီးတာ အခုမှ နည်းလမ်း မှန်​တာ လို့ . . .

😁😁😁
Credit _ nnnt (ငြိမ်းမောင်)

ဆူဝေအောင် ချူတွေဆွဲလို့ရယ် “မောင်နဲ့မယ် တူယှဉ်တွဲခါမှ ယူငင်ကာ ချူဆင်ဆွဲလို့ရယ် လှည်းယဉ်နဲ့မောင်း။”

ဆူဝေအောင် ချူတွေဆွဲလို့ရယ်
ရန်ဝင်း (တောင်တံခါး)
မတ် ၂၀၊ ၂၀၁၁

“မောင်နဲ့မယ် တူယှဉ်တွဲခါမှ
ယူငင်ကာ ချူဆင်ဆွဲလို့ရယ်
လှည်းယဉ်နဲ့မောင်း။”
အမည်မသိ ရှေးစာဆို

ချူတွေဆွဲတယ်လို့ ဆိုလိုက်ရင်ပဲ ချူကုံးတွေဆွဲထားတဲ့ နွားတွေကို အရင်ဆုံး စဉ်းစားမိကြပေလိမ့်မယ်။ အမှန်ပါပဲ။ ပွဲလမ်းသဘင်သွားကြတဲ့အခါ လှည်းယဉ်မှာ ‘က’ထားတဲ့ နွားတွေကို ချူကုံးတွေ ဆွဲပေးလေ့ရှိပါတယ်။ 

ကြေးဝါကို အရည်ကြို ပုံလောင်းပြီး ချူလုံးကလေးတွေ လုပ်ပါတယ်။ ချူလုံးတွေရဲ့အထဲမှာ ကြေးစေ့ကလေးတွေထည့်ထားတော့ လှုပ်လိုက်ရင် အသံသာသာ မြည်တယ်။ ချည်ကြိုးနဲ့ ချူလုံးတွေကို သီလိုက်တော့ အသံစုံမြည်တဲ့ နွားလည်ဆွဲ ချူကုံးတွေဖြစ်လာတယ်။ ချူကုံးတွေနဲ့အတူ နွားက ကြိုးတန်ဆာတွေကိုလည်း ဆွဲပေးတတ်ပါသေးတယ်။


 
ကြေးဝါ ချူလုံးကလေးတွေ

အများအားဖြင့်တော့ နွားတွေကို ခလောက်ပဲ ဆွဲပေးကြတယ်။ ခလောက်ဆိုတာ အခေါင်းတခု ထွင်းထားတဲ့ သစ်သားတုံးရဲ့အလည်မှာ ခလောက်ဆန် လို့ခေါ်တဲ့ သစ်သားတုံးကလေးတွေကို တွဲလဲ ဆွဲထားတယ်။ ဝါးခလောက် နဲ့ သံပြား ကြေးပြားကို ခပ်ကြမ်းကြမ်းထုပြီး ပုံသွင်းထားတဲ့ ခလောက်မျိုးတွေလည်း ရှိပါတယ်။ 

 
သစ်သားခလောက်

 
သံပြား နဲ့ ကြေးနီပြား ခလောက်

နွားက လှုပ်ရှားလိုက်တဲ့အခါတိုင်း ခလောက်ဆန်က ခလောက်ရဲ့အတွင်းနံရံကို ရိုက်မိပြီး အသံမြည်ပါတယ်။ ခလောက်ဆန်ရဲ့ တည်ငြိမ်မှုမရှိတဲ့သဘောကို ဥပမာတင်စားပြီး လူကြီးသူမများက သားသမီးတွေကို ခလောက်ဆန် လုပ်မနေကြလေနဲ့ လို့ ဆိုဆုံးမတတ်ကြတယ်။ 

ခလောက်တခုနဲ့တခု အသံထွက်ချင်းမတူကြပါ။ နွားစားကျက်ထဲမှာ နွားတွေအများကြီးလွှတ်ပြီး ကျောင်းထားပေမယ့် နွားကျောင်းသားတွေက ခလောက်သံကို နားထောင်ပြီး ကိုယ့်နွားဘယ်မှာရှိတယ် ဆိုတာကို သိနိုင်ပါတယ်။

မြန်မာ့ရိုးရာဓလေ့ အညာက ကျေးလက်ယဉ်ကျေးမှုမှာ နွားဆိုတာ မရှိမဖြစ် လိုအပ်ပါတယ်။ နွားဆိုတဲ့အမျိုးက လယ်ယာလုပ်ငန်းခွင်ကစပြီး သယ်ယူပို့ဆောင်ရေးအလယ်၊ ဆီကြိတ်တဲ့ ဆီဆုံမှာ ရုန်းရတာကအဆုံး တနှစ်တာကာလပတ်လုံး နားချိန်မရှိတဲ့ အချိန်ပြည့်အလုပ်သမားပါပဲ။ သိပ်ပြီး မကြာလှသေးတဲ့အချိန်အထိ မြန်မာပြည်အရပ်ရပ်မှာ နွားကိုအသားပေးထားတဲ့ နွားအလှပြိုင်ပွဲ၊ ဒုန်းလှည်းပြိုင်ပွဲနဲ့ အသားကျ အလှစီးလှည်းပြိုင်ပွဲတွေ ရှိခဲ့ဖူးတယ်။

တောင်သူလယ်သမားတွေအဖို့မှာတော့ နွားတွေနဲ့လည်ပင်းဖက်ပြီး အတူတူ ရုန်းဖော် ရုန်းဖက်တွေမို့ နွားတွေကို လုပ်ဖော်ကိုင်ဖက်လို သဘောထားရုံတင်မကဘဲ သားသမီးပမာ ချစ်ခင်ကြ၊ ကျေးဇူးရှင်လိုလည်း လေးစားကြပါတယ်။ 

မိုးဦးကျပြီဆိုတာနဲ့ မိုးရေကိုပဲ လုံးလုံးလျားလျား အားထားရတဲ့ မိုးကောင်းတော လယ်ကွင်းတွေရော ဆည်ရေသောက်၊ ကန်ရေသောက် လယ်ကွင်းတွေမှာပါ နွားတွေနဲ့ ထယ်ထိုးတာက စခဲ့တယ်။ တကယ်တမ်းမှာတော့ လယ်သမားကြီးတွေက ကိုယ့်ရဲ့ ဓားမဦးချ လယ်မြေလုပ်ငန်းခွင်သုံးဖို့ အတွက် ထယ်တွေ၊ ထွန်တွေကို တနွေလုံး ပြင်ဆင်နေခဲ့ကြရတာပါပဲ။ 

 
လယ်လုပ်ငန်းမှာ ထယ်ထိုးတာက စ ခဲ့တယ်

လယ်မြေကို ထယ်ထိုး ထယ်ခွဲပြီးရင် လယ်ထွန်ချိန်ပေါ့။ လယ်ထွန်တဲ့ ထွန်ကို နွားတွေနဲ့အတူတူ ရုန်းရ ဆွဲရ တွန်းရပြန်တော့တယ်။ ထွန်ရေးညက်အောင် လယ်ထွန်တယ်ဆိုတာ အင်မတန်မှအရေးကြီးပြီး သိမ်မွေ့တဲ့ အသေးစိတ်လုပ်ငန်းတခုပါ။ လူရော နွားရော သိပ်ပင်ပန်းပါတယ်။

“ဆေးတံတထွာ
ကိုက်ကာထွန်ရင်း
လယ်ကွက်ကယ်တခွင်
ထွန်ရေးငင်
ရေဝင် ပုဇွန်တွင်းငယ်နှင့်လေး”
လယ်သမားဖွဲ့တျာချင်း
ဝန်ကြီးပဒေသရာဇာ
(မြန်မာသက္ကရာဇ် ၁ဝ၄၅-၁၁၁၆)

 
ထွန်ရေးကောင်းမှ စပါးထွက်ရေးကောင်းမယ်တဲ့

လယ်တွေမှာ ကောက်စိုက်ချိန်ရောက်ပြန်တော့ ဒီနွားတွေနဲ့ပဲ ပျိုးပင်တွေသယ်တဲ့ လှည်းကို ဆွဲရတော့တာပါပဲ။ စပါးပင်တွေရင့်မှည့်ကြလို့ ကောက်ရိတ်သိမ်းချိန်ရောက်ပြန်တော့ ရိတ်သိမ်းပြီးတဲ့ ကောက်လှိုင်းစည်းတွေကို လှည်းနဲ့အပြည့်တင်ပြီး ကောက်တလင်းတွေဆီ အခေါက်ခေါက် ပို့ရတယ်။ 

ကောက်လှိုင်းစည်းတွေကို တလင်းပြင်မှာဖြန့်ခင်းပြီး စပါးနယ်တော့လည်း အဲဒီနွားတွေနဲ့ပါပဲ။ လှည်းပေါ်မှာ ဖျာကြမ်းခင်း၊ ရိုင်ပတ်တွေကာပြီး လှေ့ထားတဲ့ စပါးတွေကိုတင်ရတယ်။ သိုလှောင်ထားမယ့် စပါးကျီတွေအရောက် သယ်ပို့ပေးရပါသေးတယ်။ ပြီးတော့တခါ စပါးနယ်ပြီးလို့ အရိုးချည်းကျန်တဲ့ ကောက်ရိုးစည်းတွေကို သယ်ရပြန်တယ်။ အဲဒီ ကောက်ရိုးက အဓိကနွားစာပါပဲ။

 
ကောက်ရိုးဆိုတာ အဓိက နွားစာ

ကျေးလက်ဒေသမှာ ကောက်ရိုးအသုံးကလည်း ခပ်များများဆိုတော့ နွားစာဖို့ ကောက်ရိုး ပြတ်မယ့်ကြံရင် မြက်ရိတ်ထွက်လို့ မြက်ခြောက်တွေသယ်တဲ့ လှည်းကိုဆွဲရပြန်သေးတယ်။

 
နွားစာအတွက် ကောက်ရိုးပြတ်ရင် မြက်ခြောက်ထပ်ရတယ်

လယ်ယာအလုပ်တွေပြီးတဲ့အခါ နွားတွေနားရတော့မယ်လို့ မထင်လိုက်ပါနဲ့။ နွားတွေခမျာ ထင်းခုတ် ဝါးခုတ်ဖို့သွားတဲ့ လှည်းတွေနဲ့ ခရီးသွားဖို့ လှည်းတွေကို ဆွဲရပြန်တော့တယ်။

“ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်ဒေါင်။
ပျိုတို့မောင် လယ်ယာ မလုပ်တယ်၊ ဝါးခုတ်တဲ့တောင်။”
အမည်မသိ ရှေးစာဆို

နွေရာသီမှာ ဘယ်လောက်ပဲ ပူပါစေ၊ ထန်းရွက်မိုးထားတဲ့ တဲအိမ်တွေဆိုရင် ထန်းရွက်နံ့ကလေးက ခပ်သင်းသင်း၊ တောင်ပြန်လေကလေးက တဖြူဖြူးနဲ့ တိုက်လိုက်တဲ့အခါ ရင်ထဲအထိအေးမြသွားတာပါပဲ။ အဲဒီတော့ တဲမိုးဖို့ ထန်းရွက်တွေကို သယ်ရပြန်တာပေါ့။

 
ထန်းပင် ထန်းလက် ထန်းရွက်တွေက အသွယ်သွယ်ပါ မောင်ရယ်

ရွာစည်းရိုး ခြံစည်းရိုးတွေကို ဆူးပါတဲ့အပင်တွေနဲ့ ကာကြတယ်။ ခပ်ဝေးဝေးက တောတွေထဲမှာ အဲဒီဆူးပင်တွေကို ညအိပ်ညနေသွားပြီး ခုတ်ရတတ်တယ်။ အဖွဲ့လိုက်သွားပြီး ခုတ်လေ့ရှိတော့ အပြန်မှာ ဆူးချုံပင်အပြည့်ပါလာတဲ့ လှည်းတန်းကြီးကို တမျှော်တခေါ် တွေ့ရတတ်တယ်။

 
ဆူးချုံပင်တွေသယ်လာတဲ့ လှည်းတန်းကြီး

ကျေးလက်ဒေသ တောအရပ်တွေမှာတော့ မော်တော်ကားဆိုတာက ခပ်ရှားရှား၊ အလွယ်တကူ မရနိုင်တဲ့ အကန့်အသတ်နဲ့ယာဉ်ပါ။ အဲဒီတော့ ခရီးယာယီသွားဖို့အတွက် လှည်းကြမ်းရော လှည်းယဉ်ပါ သုံးကြရပါတယ်။ 

 
အများသုံး လှည်းကြမ်း

 
ရှေးပိုကျတဲ့ စပ်လှည်ဘီးနဲ့ လှည်းယဉ်

 
ဒေါက်လှည်ဘီးနဲ့ လှည်းယဉ်

“လှည်းယဉ်လေလေ
လှုပ်တယ်မေရယ့်
သုတ်သုတ်ကလေးနှင်လို့လာ”
ရပ်ကြီးသူ၊ ရေး-လှည်းတန်းဦးလူလေး

 
ရှေးတုန်းက လှည်းယဉ်တွေဆင်တဲ့ နေရာ

လှည်းနဲ့ခရီးသွားတဲ့အခါ ‘အရင်လို လမ်းအိုလိုက်’ ဆိုသလိုပဲ အခေါက်ခေါက်အခါခါ သွားထားလို့ ဖုန်တွေထူနေတဲ့ လှည်းလမ်းကြောင်းတလျှောက် လိုက်ပြီးသွားရတာက များတယ်။ လေတိုက်လိုက်တဲ့အခါ ဖုန်လုံးကြီးတွေက လှည်းတွေရဲ့နောက်မှာ တလိပ်လိပ်တက်လာကြလေတယ်။

 
လှည်းလမ်းကြောင်းတလျှောက် ဖုန်လုံးကြီးတွေက တလိပ်လိပ်

တခါတလေမှာလည်း လှည်းလမ်းမရှိလို့ လမ်းထွင်ပြီးသွားရတတ်တယ်။ နွားခြေရာတွေနဲ့ လှည်းဘီးရာတွေပေါင်းစပ်ပြီး လမ်းသစ်တခုဖြစ်လာပြန်တယ်။ ဆူးချုံနဲ့ ခရောင်းတောတွေ အပြည့်ရှိနေပေမယ့် သွားဖန်များရင်တော့ လမ်းဖြစ်မှာပါပဲ။

 
သွားဖန်များရင်တော့ ဆူးချုံတောလည်း လမ်းဖြစ်မှာပဲ

နေပူပူမှာခရီးသွားရင် လည်းမောင်းတဲ့လှည်းသမားက ခမာက်ကိုဆောင်းလို့၊ လှည်းစီး ခရီးသည်တွေက လှည်းပေါင်းမိုးအောက်မှာ စီးကြတယ်။ နွားတွေကတော့ နေရောင်အောက်မှာ ကျောပူစမြဲပါပဲ။

 
မင်းကွန်းက ပေါင်းမိုးလှည်း

နွားဆွဲတဲ့လှည်းဆိုတော့ ဖြည်းဖြည်းမှန်မှန်ပဲလေ။ အမြင်နီးပေမယ့် ခရီးဝေးတဲ့တောင် ဆိုတဲ့ စကားရှိပါတယ်။ သွားရမယ့်ခရီးက ဝေးသေးပေမယ့် တနေ့တလံ ပုဂံဘယ်ပြေးမလဲ ဆိုတာလိုပဲ သွားဖန်များတော့ ခရီးရောက်သတဲ့။

 
သွားဖန်များတော့ ခရီးရောက်သတဲ့

သွားရတာများသလောက် ခရီးဝေးမရောက်တဲ့ နွားကတော့ ကာမဘုံသား ဆုံလည်နွားသို့နှယ် ဆိုတဲ့စကားအတိုင်း ဆီကြိတ်တဲ့ဆီဆုံကို လည်အောင်လှည့်ရတဲ့နွားပါပဲ။ ဆီဆုံလှည့်ဖို့ရာ နွားကို ကျင့်ပေးရသေးတယ်လို့ ကြားဖူးပါတယ်။ ဘယ်လှည့်နွား နဲ့ ညာလှည့်နွားရယ်လို့ နှစ်မျိုးရှိပါသတဲ့။

 
ကာမဘုံသား ဆုံလည်နွားသို့နှယ်

တောင်တန်းဒေသတွေမှာ လှည်းလမ်းမပေါက်တော့ ပစ္စည်းတွေထည့်ထားတဲ့ ခြင်းကြီးနှစ်ခုကို ဝန်တင်နွားတွေရဲ့ကျောပေါ်မှာ သားရေအုံးတွေခံထားပြီး ဘယ်ညာချိတ်ဆွဲလို့ သယ်ရတယ်။ လှည်းမဆွဲရပေမယ့် ကျောကွဲမတတ် ရုန်းရပြန်တယ်။

“ဆောင်းဦးကာလ နှင်းကျသော့ခါ
တောင်ပိုင်ထဲကို တက်မြဲနွားတရာ
ဘဲတောင် နွားဝါ နွားပြာ ချိုကုပ်
တင်ခြင်းငယ်ချောပြေ အုံးသားရေ
ယဉ်ခွေသာ နောက်မြီးသုတ်ကယ်နှင့်လေး”
တောင်ပိုင်တက်ဖွဲ့တျာချင်း
ဝန်ကြီးပဒေသရာဇာ
(မြန်မာသက္ကရာဇ် ၁ဝ၄၅-၁၁၁၆)

 
ဝန်တင်နွားတို့ နားတဲ့စခန်း

တောင်သူလယ်သမားတွေအတွက် မရှိမဖြစ် အရေးပါလှတဲ့ နွားတွေကို နွားပွဲတွေမှာ ရောင်းကြ ဝယ်ကြတယ်။ နွားရဲ့ကျန်းမာရေး ကောင်း၊ မကောင်း စစ်ဆေးဖို့နဲ့ အသက်ကိုခန့်မှန်းဖို့ နွားတွေကို သွားဖြဲကြည့်ကြတယ်။ အလကားရတဲ့နွား သွားဖြဲကြည့်တာမျိုးမဟုတ်ဘဲ အမှန်တကယ် ကြည့်ရပါတယ်။ ရိုးရာဓလေ့ယုံကြည်မှုအတိုင်း နွားကိုယ်ပေါ်က ‘ဗွေ’ တွေကို စစ်ဆေးကြတယ်။ ဗွေကောင်းပါတဲ့နွားဆိုတာ ဘယ်တော့မှ ဗွေဖောက်လေ့မရှိတာကြောင့် တသက်တာပတ်လုံး ပြန်ပြီးမရောင်းတော့ဘူးလို့ ပြောကြတယ်။

“နွားပိုက်တင်နွား
စိတ်ထားယဉ်မှန်
မျက်ကြား ဗွေကောင်း
မရောင်း တသက်ပန်
ဗွေတံခွန်ကို”
တောင်ပိုင်တက်ဖွဲ့တျာချင်း
ဝန်ကြီးပဒေသရာဇာ
(မြန်မာသက္ကရာဇ် ၁ဝ၄၅-၁၁၁၆)

 
မြန်မာ့ရိုးရာ နွားပွဲ

 
နွားပွဲက နွားရောင်စုံ

ရေရှားတဲ့အညာအရပ်ဒေသက နွားတွေဆိုရင် ရေချိုမရနိုင်တဲ့အခါ ရေတွင်းတွေက ရေငန်ကို သောက်ပြီး မြက်ခြောက်ပဲစားရတဲ့အခါတွေ ရှိတာပေါ့။ ချောင်းတွေ ကန်တွေက ရေချိုများ တွေ့ပလား ဆိုရင်ဖြင့် နွားငတ် ရေကျသလိုပဲလို့ ပြောကြတဲ့အတိုင်း ဝမ်းပိုက်ကားအောင် သောက်ကြရရှာတယ်။

နွားငတ် ရေကျ ဆိုသလိုများ

နေဝင်ရီတရော နေရောင် ခပ်မှိန်မှိန်အချိန်ရောက်ရင် စားကျက်မှာလွှတ်ပြီး ကျောင်းထားတဲ့ နွားတွေ ရွာထဲကို ပြန်သွင်းရတယ်။ နွားရိုင်းသွင်းချိန် လို့ ခေါ်ပါတယ်။

 
နေရောင်က ခပ်မှိန်မှိန် နွားရိုင်းသွင်းချိန်

 
ကောက်ရိုးလှည်း နှစ်စီးတိုက်

 
ကောက်ရိုးလှည်း နှစ်စီးတိုက်စာသယ်နိုင်တဲ့ ထော်လာဂျီ

ဒီကနေ့ မြန်မာပြည်ထဲမှာ တရုတ်နိုင်ငံဇာတိ ‘ထော်လာဂျီ’ လို့ခေါ်တဲ့ယာဉ်တမျိုးကို သုံးနေကြပြီ။ မူရင်း လယ်ထွန်စက်ကို ထပ်ဆင့်တီထွင်လိုက်တဲ့ ယာဉ်တမျိုးပါ။ မော်တော်ကားထက် အဆပေါင်းများစွာ ဈေးပိုချိုပြီး ပြည်တွင်းမှာ ကိုယ်ထူကိုယ်ထ တနိုင် ချက်တဲ့ ဒီဇယ်ဆီနဲ့လည်း မောင်းနိုင်တယ်။ ဒါကြောင့်ပဲ မြန်မာပြည်အနှံ့အပြားမှာ ထော်လာဂျီတွေကို တနေ့တခြား အသုံးများလာပြီ။ အသုံးများလိုက်ပုံမှာကတော့ ဒီကနေ့ ကျေးလက်ဒေသရဲ့ ကူးသန်းသွားလာ သယ်ယူပို့ဆောင်ရေးကို ထော်လာဂျီယဉ်ကျေးမှု လို့တောင်မှ ခေါ်ရတော့မလိုပါပဲ။

 
မြန်မာပြည်အနှံ့အပြား အသုံးများလာတဲ့ ထော်လာဂျီ

နွားလှည်းအစား ထော်လာဂျီကို လူစီးယာဉ်အဖြစ်လည်း သုံးတယ်။ တလုံးထိုး အင်ဂျင်စက်သံက တညံညံ၊ အိပ်ဇောမီးခိုးက တထောင်းထောင်းနဲ့ပါပဲ။ တထိုင်းထိုင်း၊ တဒုံးဒုံးနဲ့ မြန်မာတပြည်လုံး ထော်လာဂျီသံ ဖုံးရောပေါ့။

 
ရွာသူ ရွာသားတွေ မြို့ကို ဈေးဝယ်သွားချိန်

ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းနဲ့အညီ၊ ခေတ်ရဲ့အခြေအနေက တောင်းဆိုလာတဲ့ လိုအပ်ချက်တခုကို ဖြည့်ဆည်းဖို့ ထော်လာဂျီယဉ်ကျေးမှု ပေါ်ပေါက်လာခဲ့တယ်။ အဲဒါကြောင့် နွားလှည်းအစား ထော်လာဂျီကို စီးတဲ့အခါလည်း စီးကြရပေလိမ့်မယ်။ ဒါပေမယ့် မြန်မာ့ရိုးရာဓလေ့ ကျေးလက် ယဉ်ကျေးမှုမှာ နွားလှည်းကိုတော့ လက်မလွှတ်နိုင်ကြသေးပါ။ 

ဝါးခုတ်သွားတုန်းက လှည်းကြမ်းကြီးနဲ့ဆိုတော့ လိုက်ဖက်အောင် နွားတွေမှာ ခလောက်တွေ ဆွဲပေးထားခဲ့တယ်။ မောင်နဲ့မယ် အတူယှဉ်တွဲကြတဲ့အခါမှာ လှည်းယဉ်စီးကြမယ်ဆိုတော့ နွားတွေရဲ့ လည်ပင်းက ခလောက်တွေကို ဖြုတ်ထားပြီး ဆူဆူဝေဝေ စီစီညံညံ အသံစုံမြည်တဲ့ ချူကုံးကလေးတွေ ဆွဲပေးရပေလိမ့်မယ်။ အခုအချိန်မှာတော့ ကိုယ့်နွားတွေကိုရော၊ ကြီးတော်ရဲ့နွားတွေကိုပါ အားစည်အောင် ကျောင်းနေတုန်း ကျောင်းနေဆဲပါပဲ။

“ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်ဒေါင်။
ပျိုတို့မောင် လယ်ယာ မလုပ်တယ်၊ ဝါးခုတ်တဲ့တောင်။
နွားညီနောင် အားစည်အောင်ပ ဖေကျောင်း။
မောင်နဲ့မယ် တူယှဉ်တွဲခါမှ
ယူငင်ကာ ချူဆင်ဆွဲလို့ရယ်
လှည်းယဉ်နဲ့ မောင်း။”
အမည်မသိ ရှေးစာဆို

အထူးကျေးဇူးတင်စွာနဲ့ ကိုးကားခြင်း

(၁) မဟာကဗျာကျမ်း၊ မြန်မာသြဘာ စာအုပ်တိုက်၊ ပထမအကြိမ်ပုံနှိပ်၊ ပြာသိုလ၊ မြန်မာသက္ကရာဇ် ၁၂၅၇
(၂) အင်တာနက် စာမျက်နှာများကရတဲ့ ထော်လာဂျီ၊ နွားများနဲ့ နွားလှည်းဓာတ်ပုံများ
(၃) Burma Art and Archaeology by Alexandra Green and T. Richard Blurton : 2002

``မိအေး နှစ်ခါနာတယ်``

 မြန်မာစကားပုံတစ်ခုအကြောင်းပြောပြချင်တယ်။  ``မိအေး နှစ်ခါနာတယ်`` ဆိုတာ ကြားဖူး ပြောဖူးကြမယ်ထင်တယ်။  မိအေးနဲ့ပတ်သတ်ပြီး နောက်ထပ်စကားပုံတစ်ခုက  ``မိအေးအော်တာသာ လူသိတယ် ဂဏန်းညှပ်တာ လူမသိဘူး`` တဲ့။

              ရှေးကတည်းက မြန်မာလူမျိုးတွေဟာ စကားပြောရင် စကားပုံနဲ့ အခိုင်းအနှိုင်းလေးနဲ့ ဝေဝေဆာဆာ ပြောတတ်ကြတယ်။  ရသမြောက်သလို တကယ်လဲဆိုလိုရင်းကို ပိုတွင်ကျယ် စေပါတယ်။ စကားပုံဖြစ်ပေါ်လာပုံသာ မသိတော့ရင်သာ မသိမယ်  အသုံးတွင်ကျယ်ဆဲဖြစ်တဲ့ မိအေးနှစ်ခါနာ ရတဲ့အကြောင်း ပြောပြမယ်။  မူကွဲတွေလည်း အများကြီးရှိချင်ရှိမယ်နော်  ။ ကျွန်တော်သိတာပြောပြတာ။ ခေါင်းစဉ်အတိုင်း ပေါက်တတ်ကရ ပုံပြင်ပဲမှတ်ပါ။  ကိစ္စ တစ်ခုထဲနဲ့  နှစ်ကြိမ်ဆက်တိုက်နစ်နာတဲ့အခါမှာ  ``ဟုတ်ပ  --- သူ့မှာ မိအေးနှစ်ခါ နာရတယ်``လို့ပြောတတ်တယ်မဟုတ်လား

မိအေးနှစ်ခါနာ

              ဇတ်လမ်းက ဒီလိုဗျ။  တစ်ခါတုန်းက ရွာတစ်ရွာမှာ အလွန်ရိုးအ လွန်းတဲ့  မိအေး ဆိုတဲ့ ကောင်မလေး နဲ့  မိအေးရဲ့ ရိုးအတာကို  သိတဲ့  လူလည်ကောင်  ဖိုးခွေး ဆိုတဲ့ ကောင်လေး  နှစ်ယောက်ရှိတယ်။  သူတို့နှစ်ယောက်လုံးက  နွားကျောင်းတဲ့အလုပ်လုပ်တယ်။ နွားကျောင်းတယ်ဆိုတာ နွားတွေကို အစာစားဖို့  အုပ်လိုက်တောထဲ လွှတ်ကျောင်းတယ် အဲဒီအခါ လူတွေစိုက်ပျိုးထားတဲ့ စိုက်ခင်းတွေ ထဲ ဝင်မစားအောင် နွားကျောင်းသားက ထိမ်းပေးရတယ်။ မိအေးနဲ့  ဖိုးခွေးက နွားကျောင်းရင် အတူတူ ကျောင်းတယ် ။ ဆိုလိုတာက မိအေး နွားတွေနဲ့ ဖိုးခွေးနွားတွေ အတူတူ တစ်အုပ်ထဲပေါင်းပြီး အတူထိမ်းကျောင်းတာ။

              တစ်နေ့ကျတော့  မိအေးက အပေါ့အပါး သွားချင်တာနဲ့ ဖိုးခွေးကိုပြောတယ်--

  ``ဖိုးခွေး  ငါ့နွားတွေရော  သေချာကြည့်ထားလိုက်ဦး  ငါ ရှုးပေါက်ချင်လို့``

 `` အေးပါ--   ငါလဲရှုရှုးပေါက်ချင်နေတာနဲ့အတော်ပဲ  နင်သွားရင် ငါရှုရှုးပါယူသွားပေး``

  ``နင်ကတော်တော်  အပျင်းကြီးတာပဲ--  ကဲ ပေးမြန်မြန်---``
        မိအေးက တုန်းတုန်း အအ  ဖိုးခွေးက လူလည်ပတ်ကား။  စဉ်းစားသာကြည့် ရှုရှုးကို ဘယ်လိုလူကြုံထည့် ပေးမှာလဲဆိုတာ။  အတော်ဆိုးတဲ့အကောင်-- ဒီယုံမြင်လို့  ဒီခြုံထွင်လိုက်တာလေ-----

×××××××××

        မိအေးကလည်း  တုန်းလိုက်အလိုက်တာ  လွန်ရောဆိုပဲ။  အိမ်ကျတော့  အဲဒီကိစ္စကို  ပြန်ပြောတယ်။  ဖိုးခွေးရယ်လေ---  သူ့ကိုနွားခဏကြည့်ခိုင်းပါတယ်။   သူ့ကိစ္စကိုဘယ်လို လုပ်ပေး၇တယ်ပေါ့--

ဒီတော့မှ လူကြီးတွေက မျက်လုံးပြူး မျက်ဆံပြူး  ခေါင်းကို  ``ဒေါက်`` ကနဲ ခေါက်ပြီး --- ``ဟဲ့  မိအေး  တုန်းလှချည်လား    အ--လှချည်လား ဖိုခွေးလူလည်လုပ် သမျှ နင်ဒီလောက်တောင်မသိဘူးလား ဆူတာပေါ့။  နောက်နေ့  မိအေးလည်း တောထဲမှာ ဖိုးခွေး နဲ့တွေ့တော့ ဒေါနဲ့  မောနဲ့--

  ``ဟဲ့  ဖိုးခွေး   နင်တော်တော်  လူလည်ကျတာပါလား  --- နင် ငါ့ကို ငတုန်းမ မှတ်နေလား  မနေ့က နင့်ရှုရှုးတွေ  ခုပြန်ယူ  ``  တဲ့

ဖိုးခွေးလည်း  အေးပါဟာ------ဆိုပြီး   --------------//??????????-------

ကဲ   ပရိသ၁တ်တို့ရေ    အဲဒါသာကြည့်တော့    မိအေး နှစ်ခါနာ တာလေ။           ။


   ``မိအေး  အော်တာသာ လူသိတယ်  ဂဏန်းညှပ်တာ လူမသိဘူး``

         မိအေး နှစ်ခါနာတာ သိသွားတော့  သင်းကို ရွာမှာ ထားလို့ မဖြစ်တော့ပါဘူး ဆိုပြီး သူ့အဒေါ်တွေရှိတဲ့ အောက်ပြည်အောက်ရွာကို လွှတ်လိုက်တယ်။ အောက်ပြည်မှာ စပါးစိုက်ကြတဲ့အခါ ရေနက်ကွင်းဆိုတော့ လယ်ထဲမှာေ၇က ပေါင်ရင်းလောက်တောင်ရှိတယ်။ အောက်သူတွေကတော့ အထာနပ်ပြီးသားဆိုတော့ ကောက်စိုက်တဲ့အခါ ထမိန်ကို အရှက်လုံရုံလောက်ကိုတိုတို ဝတ်ထားတယ်။ အညာသူမိအေးက  အဲဒီအထာကို သိတာမဟုတ်ဘူး။ ကောက်စိုက်တဲ့အခါ  ကောက်စိုက်ခရင်းခွနဲ့ စွတ်ကနဲ စွတ်ကနဲ ရေနက်ထဲစိုက်ရတယ်။ မိအေးကို ထမိန်တိုတိုဝတ်ခိုင်းတာ ပြောမရဘူး။ ရှက်တော်မူသတဲ့။ 

         ဒီလိုနဲ့ ကောက်စိုက်လာလိုက်တာ  လယ်တစ်ဝက်လောက်လဲပြီးရော ပြသ၁နာပေါ်ပါလေရော။   လယ်ဂဏန်းက မိအေး ထမီံထဲဝင်သွားတယ်။ ထမိန်က ရှည်တော့ပြန်ထွက်လို့ မတတ်တော့ဘူး။ ကြာတော့ စိတ်ဆိုးလာတယ်ထင်တယ်  မိအေးရဲ့  အဓိက ကိုပယ်ပယ်နယ်နယ်ကို ညှပ်ထားလိုက်တော့တယ်။  မိအေး အော်လိုက်တာ တအားပဲ----- အသံတွေပြာအောင်သာအော်တယ်  ဟဲ့ဘာဖြစ်တာလဲ မေးလည်း မပြောဘူး။ တော်တော်ကြာတော့ မေးမရတာနဲ့ လူတွေက စိတ်ဆိုးကြတယ် ။ အလကား အရူးထအော်တာလားပေါ့။ ဂဏန်းလည်း စိတ်ကြိုက်ညှပ်ပြီး လွှတ်လိုက်ကာ ထွက်ပေါက်၇သွားတယ်ထင်တယ်။ 

          ဒီတော့မှ  မိအေးလည်း အအော်ရပ်တော့တယ်--

          မိအေးက ပြောတယ်---

           ``မိအေး အော်တာသာ လူသိတယ် ဂဏန်းညှပ်တာ လူမသိဘူး ``  တဲ့။  အဲဒီတော့မှ  ရိပ်မိကုန်သကိုး။  ရယ်လိုက်ကြတာ တအားတဲ့။

Bo Aung Din

တောသူမလေး မိအေး နှင့် ဆရာလေး ဇတ်လမ်း




#တောသူမလေး မိအေး နှင့် ဆရာလေး ဇတ်လမ်း

မိအေး တဟင့်ဟင့်ရှိုက်နေလေသည်..။
မျက်ရည်များစိမ့်ဖြာဝေ့ဝဲ၍ဘဝကိုအစားခံလိုက်ရသလို..တလှိုက်လှိုက်ဖိုငင်နေသည်။

"သမီး ဘဝတော့ ပျက်ပါပြီ အမေရယ်"

"ညည်းကို မေးနေတယ် ဘယ်သူနဲ့လဲလို့"

"ဟင့်အင်း ဟင့်အင်း"

မိအေး ခေါင်းကိုသာ တွင်တွင်ခါရမ်းနေလေသည်..။
အမေဖြစ်သူ ဒေါ်မြသစ် ခြေမကိုင်လက်မကိုင်
မိဖြစ်နေလေသည်..။တောသူတောင်သား..
ရိုးသားတဲ့သူတို့သားအမိလေးမှာ..အခုလို.
ကြမ္မာငင်လာရတယ်လို့..။

"ဒီမှာ မိအေး ညည်းဒီလိုငိုနေလို့မပြီးဘူး..
ကာယကံရှင်ကဘာတဲ့လဲ ညည်းကို..
တာဝန်မယူနိုင်ဘူးတဲ့လား.."

"ဟင့်အင်း အမေ..သူ သိတောင်မသိသေးဘူး"

"ဟင်..ဟုတ်လား ပြောပြောသမီး..
ဘယ်သူလဲ အမေ ကောင်လေးနဲ့တွေ့ပြီး..
ဒီကိစ္စတာဝန်ယူပေးအောင် ညှိနှိုင်းပေးမယ်
အမေတို့ သားအမိအရှက်တကွဲအကျိုးနည်း
မဖြစ်ခင်လေး.."

"ဟင့် ဟင့် ဟီးအဟီး.."

မိအေး ငိုသာငိုနေလေတော့သည်..။

"ငိုနေလို့ မပြီးဘူးသမီး အမေတို့သားအမိ
ဒီရွာလေးမှာ ပန်းစိုက်ရောင်းပြီး..
ရိုးရိုးသားသားနေလာခဲ့တာ..
မုဆိုးမသမီးဆိုပြီး အနိုင်ကျင့်တာတော့..
အမေမခံဘူး သမီးရှေ့မှာအမေရှိတယ်:"

မိခင်ရဲ့ရင်နင့်သံနဲ့ပြောစကားကြောင့်..
မိအေးရင်ထဲ လှိုက်ကနဲဝမ်းနည်းသွားပြီး..
ရှိုက်ကြီးတငင်ငိုကြွေးလေတော့သည်..။
ပြီးမှ...တိုးလွှလွှအသံလေးနဲ့...

"အဟင့် ဟင့် ဟိုဟို..ဆရာလေး..
ကိုပင်ကို."

"ဘာ ဘယ်လို.."

ဒေါ်မြသစ်မျက်လုံးပြူးသွားသည်..။ရင်ဘတ်လက်လေးဖိပြီးယူကျိုးမရဖြစ်သွားလေသည်။
ဆရာလေးကိုပင်ကိုဆိုတာ..
သူတို့ရွာလေးကို မြို့ကစာလာသင်ပေးနေ
သော ကျောင်းဆရာလေးဖြစ်သည်..။
ရွာရဲ့ပရဟိတတွေအသင်းလေးထူထောင်
ပေးပြီး သာရေးနာရေးများကိုဦးဆောင်လမ်း
ပြဆောင်ရွက်ပေးတဲ့သူ..၊ခေတ်နဲ့အဆက်
ပျက်နေသောသူတို့ရွာလေးကို အစစအရာ
ရာ မျက်စိဖွင့်အလင်းပြသူ.၊တစ်ရွာလုံး..
လေးစားကြည်ညိုအားထားရသူ၊..
ထိုအထဲတွင်..ဒေါ်မြသစ်လည်းပါသည်လေ.၊
ဆရာလေးရဲ့စေတနာအနစ်နာ ရွာအပေါ်
ထားတဲ့မေတ္တာ..သက်ကြီးရွယ်အိုများကို..
ရိုသေကိုင်ရိုင်းတက်တဲ့လူလိမ္မာသားလေးဆို
ပြီး ကြည်ညိုချစ်ခင်လေးစားခဲ့လေသည်..။
ထို့ကြောင့်ပင် ပန်းရောင်းပြီးအသက်မွေးတဲ့
သူတို့သားအမိအနေနဲ့ဆရာလေးကိုလေးစား
ကြည်ညိုလို့ ၊ ရွာကပေးနေထားတဲ့
အိမ်လေးမှာတစ်ကိုယ်တည်းနေတဲ့ဆရာလေး
အိမ်ကို ၊သမီးဖြစ်သူမိအေးကိုမနက်တိုင်း..
ဘုရားပန်းလဲပေး၊အိမ်သန့်ရှင်းပေး၊အဝတ်
လျော်ပေးဖို့ စေလွှတ်ခိုင်းခဲ့သည်..။
ဆရာလေးကငွေကြေးယူဖို့ပြောပေမယ့်မယူ
ခဲ့ဘူး..၊ဒါကိုကျေးဇူးတုန့်ပြန်တဲ့အနေနဲ့..
ဆရာလေးမြို့ကိုသွားတိုင်းပြန်လာရင်..
ဒေါ်မြသစ်အတွက်ဆေးဝါးလေးတွေ၊မိအေး
အတွက်အင်္ကျီလုံချည်လေးတွေ အလျင်းသင့်
သလို ဝယ်လာခဲ့ပေးလေသည်..။
အခုတော့ အခုတော့ အခုလိုလုပ်ရက်တယ်..၊
လုံးဝမထင်ထားတဲ့ဒေါ်မြသစ်..စိတ်အကြီး
ကျယ်ဆိုးသွားသည်..။

"ဒါ ဒေါင်းယောင်ဆောင်တဲ့မြေခွေးပဲ"

စိတ်ထဲရှိသလိုရေရွတ်လိုက်သည်..၊
ဒေါင်းယောင်ဆောင်သောကျီးလည်းမဟုတ်.

"ဒီလိုမျိုးလုပ်လို့ဘယ်ရမလဲ လာမိအေး..
မုဆိုးမသမီးဆိုပြီး ခြေတော်တင်တာ..
မခံဘူးဟေ့..လာခဲ့ ဒီကိစ္စအပြက်ရှင်းမယ်"

ဒေါ်မြသစ် သမီးဖြစ်သူမိအေးလက်ကိုဆွဲပြီး
ဒရောပါးထွက်လာခဲ့လေသည်..။
ရွာလည်က အုပ်ချုပ်ရေးမှူးအိမ်သို့....

********************************
အုပ်ချုပ်ရေးမှူးအိမ်ဝင်လိုက်တော့..၊ဝိုင်းအုံ
နေတဲ့လူအုပ်ကြီးကိုတွေ့ပြီးဆရာကိုပင်ကို..
မျက်လုံးပြူးသွားသည်..၊လာခေါ်တဲ့ဆယ်အိမ်
မှူးဧးသုရဲ့ပြောစကားအရ မိအေးမှာ..
သူ့ကိုယ်ဝန် လွယ်ထားရလို့ ၊အုပ်ချုပ်ရေးမှူး
ဆီလာတိုင်နေတယ်တဲ့၊ကိုပင်ကို..မျက်လုံး
ပြူးသွားသည်၊မိအေးဆိုတာ..မီးကောင်ပေါက်
အရွယ်ကလေးမလေး၁၆ ၁၇နှစ်အရွယ်လေး
နှမလေးလိုသဘောထားခဲ့သည်၊စိတ်နဲ့တောင်
မပြစ်မှားဖူး၊ဘယ်လိုကြောင့်များ...

"လာလာ ဆရာပင်ကို"

သူလာတော့ အုပ်ချုပ်ရေးမှူးကမျက်နှာမသာ
မယာနဲ့လှမ်းခေါ်သည်၊လူအုပ်ကရှဲပေးလိုက်
တော့၊အုပ်ချုပ်ရေးမှူးစားပွဲရှေ့မှာတရှုံ့ရှုံ့ငို
နေသောမိအေး၊ဘေးမှာသူ့ကိုမျက်ထောင့်နီ
ကြီးနဲ့ကြည့်နေတဲ့ဒေါ်မြသစ်...

"ကဲဆရာ..မိအေးက သူ့မှာ ဆရာနဲ့ရတဲ့
ကိုယ်ဝန်ရှိနေပြီးတဲ့.."

"ဟုတ်ကဲ့ အဲ မဟုတ်ကဲ့..
နေပါဦးဗျာ မိအေးကိုကျွန်တော်မေးပါရစေ"

"ဒီမှာဆရာ ကျုပ်တို့ရွာသူကို စားပြီးနားမလည် မလုပ်ပါနဲ့"

ဘေးက ကာလသားခေါင်းမိုးပြေးကဝင်ပြော
သည်..၊

"အာ စားပြီးနားမလည် လည်းမလုပ်ပါဘူး
ဝါးပြီးထွေးထုတ်လည်းမလုပ်ပါဘူး..
အခုဟာက ကျွန်တော်ကိုယ်တိုင်မသိလို့
မေးပါရစေလို့.."

"ဟား ဒါကတော့ရှင်းပါတယ်ဗျာ..
မိအေးကဆရာ့အိမ်ကိုနေ့တိုင်းပန်းလာလဲပေး
ဝေယာဝစ္စလာလုပ်ပေးနေတာပဲ..
တစ်နေ့ ဆရာမူးလာမယ်၊မိအေးကဆရာ့အိပ်
ခန်းထဲသန့်ရှင်းရေးဝင်လုပ်ပေးနေမယ်၊
မူးလာတဲ့ဆရာက၊ဆရာပြောပြောနေတဲ့..
မြို့ကဆရာ့ချစ်သူမှဲ့နီလေးနဲ့အမြင်မှားမယ်
ပြီးတော့ မိအေးကို ဟွာပြုမိမယ်၊မိအေးက
ရှက်လို့ဘယ်သူ့မှမပြောပဲနေမယ်၊ဆရာကမူး
ပြီးအိပ်ပျော်သွားပြီး၊ဘာမှမမှတ်မိတော့ဘူး၊
အဲ အခုကျအထုတ်အထည်ပေါ်လာတော့
မိအေးကဖော်လိုက်တယ်၊ဒါပဲပေါ့ဗျ.."

ကာလသားခေါင်းမိုးပြေးကသူထင်ရာစွတ်
ပြောနေလေသည်..။

"ဟာဗျာ ကျွန်တော်ကမနက်အစောကြီး..
မူးရမလားဗျ ၊ကျွန်တော်တစ်ခါတလေ
ပဲသောက်စားတက်တယ်၊ဒါတောင်ရွာမှာ
ဘယ်တော့မှမသောက်ဘူး၊ကျောင်းပိတ်ရက်
မြို့သွားတဲ့အခါ၊သူငယ်ချင်းတွေနဲ့တွေ့မှ
နည်းနည်းပါးပါးပါ၊ပြီးတော့ဒီကိစ္စကြီးဖြစ်တာ
မမှတ်မိနိုင်လောက်အောင်ကြီးတော့..
ဟာ..မဟုတ်သေးပါဘူးဗျာ"

"ဟေ့ကောင်မိုးပြေး မင်းထင်ရာမြင်ရာတွေ
စွတ်ပြောမနေနဲ့ကွ"

အုပ်ချုပ်ရေးမှူးဝင်ဟန့်လိုက်မှ၊ရွာမှာအရပ်
ပြဇာတ်လုပ်ရင်အမြဲဇာတ်ညွှန်းရေးသူ၊
တစ်နေ့နိုင်ငံကျော်ဘတ်ဆဲလ်လားစာရေး
ဆရာဖြစ်ရမယ်လို့အမြဲကြုံးဝါးနေတဲ့..
ကာလသားခေါင်းမိုးပြေး ပါစပ်ပိတ်သွားလေ
သည်။အဲ့တော့မှ..ဆရာပင်ကိုကဒေါ်မြသစ်
ဘက်လှည့်ပြီး...

"အဒေါ် ကျွန်တော်တောင်းပန်ပါတယ်ဗျာ..
ဟို..."

"ဒီကိစ္စ တောင်းပန်ရုံပြီးတဲ့ကိစ္စမဟုတ်ဘူး..
ကျောင်းဆရာ.."

ဒေါ်မြသစ်ဒေါသနဲ့ပြန်ပြောသည်၊ဒေါ်မြသစ်
အသံကြောင့်ဝိုင်းအုံနေတဲ့လူတွေဆီမှ..
အသံများကြွတ်စိစိထွက်ပေါ်လာလေသည်။

"ဟုတ်ကဲ့ပါအဒေါ် ဒီကိစ္စကျွန်တော်ဟာ
သေချာရင်၊မိအေးကိုတင့်တောင်းတင့်တယ်
လက်ထပ်ယူပါ့မယ်၊ဒါပေမယ့်..ကျွန်တော်
မေးပါရစေ ရှင်းအောင်."

"ဟုတ်တယ် မိအေး အခုအခြေအနေရောက်မှ ရှက်မနေနဲ့တော့
ဆရာလေးပင်ကိုအပါအဝင်အားလုံးရှင်းအောင် ဆရာလေးမေးတာ ဖြေလိုက်.."

အုပ်ချုပ်ရေးမှူးကဝင်ပြောလိုက်တော့..
မိအေးခေါင်းမော့ကြည့်သည်..

"ကဲ ဆရာမေးပါ"

ဆရာပင်ကို မိအေးဘက်ဘက်လှည့်ပြီး..

"ညီမလေးမိအေး အခုညည်းကိုယ်ဝန်က
ဆရာနဲ့ပက်သက်တာဆိုရင်..
ဘယ်တုန်းက ဆရာနဲ့ငြိစွန်းခဲ့တယ်..
ပြောပြပါ ဆရာတကယ်မမှတ်မိလို့..
မရှက်နဲ့ညီမ ဆရာသာမှန်ရင်အကုန်တာဝန်
ယူမှာပါ"

ဆရာပင်ကိုအသံဆုံးတော့ မိအေးခေါင်းမော့
ပြီး ..

"လွန်ခဲ့နှစ်လလောက်က ဆရာမြို့က
ပြန်လာနောက်ရက်.."

မိအေးရဲ့တိကျတဲ့အဖြေကြောင့်.အားလုံး..
"ဟင်"လို့ ဖြစ်သွားသည်..။
ဆရာပင်ကိုလည်းပြန်စဉ်းစားလိုက်လေသည်
ဟုတ်သည် သူမြို့ကိုနောက်ဆုံးသွားခဲ့တာ
လွန်ခဲ့တဲ့နှစ်လက သူမှတ်မှတ်ရရသိနေသည်

"ဟုတ်ပြီး ဆရာမှတ်မိတယ်..အဲ့နေ့က..
ဘယ်လိုက ဘယ်လိုစဖြစ်တာလဲ..
ပြောပြပါ ညီမ.."

"အဲ့နေ့က ကျွန်မလာတော့ ဆရာအအပေါက်
ထဖွင့်ပေးတယ်လေ.."

"အင်း ဟုတ်ပြီ..မှတ်မိတယ်.."

"ဆရာကပြောတယ်လေ..ဆရာညကမှမြို့က
ပြန်လာတာ အပေါင်းသင်းတွေနဲ့တွေ့လို့
နည်းနည်းသောက်လာတာ အမူးမကျလို့..
ကျောင်းပိတ်ရက်မို့ပြန်အိပ်လိုက်ဦးမယ်လို့
ဆရာပြောတယ်လေ.."

"အင်း မှတ်မိတယ် အဲ့နေ့ကတနင်္ဂနွေနေ့"

"အဲ့ဒါနဲ့ကျွန်မလည်းဘုရားပန်းလဲ..
အိမ်သန့်ရှင်းရေးလုပ်ပြီး..ဆရာ့အခန်းထဲက
စားပွဲပေါ်ကပန်းအိုးလဲဖို့အလာ.."

အားလုံးငြိမ်သတ်နေသည်..။စိတ်ဝင်စားခန်း
ရောက်နေပြီလေ...

"အင်း"

"အဲ့တော့ ဆရာကဆရာ့အခန်းထဲကုတင်
ပေါ်မှာ အင်္ကျီမပါပဲအိပ်ပျော်နေတယ်.."

"အင်း"

"ကျွန်မလည်းရှက်ရှက်နဲ့ဆရာ့ကိုမကြည့်ပဲ
ဆရာ့ကုတင်ဘေးကစားပွဲပေါ်ကပန်းအိုးလေး
ယူပြီး ပန်းအသစ်လဲပေးတယ်လေ.."

"အင်း"

"ပန်းအိုးပြန်ထားပြီးဆရာနိုးမှာစိုးလို့..
ခြေဖွဖွလေးနဲ့..ကြိုးတန်းကဆရာ့အဝတ်စား
တွေလျှော်ပေးဖို့အယူ...နောက်ကဆရာက
လေ..."

အားလုံးနားတွေစွင့်ငန့်လင့်နေကြလေသည်။
ဆရာပင်ကိုက...

"အင်း ဆိုပါဦး အာ့အထိဆရာမသိဘူး.."

"ဆရာက နောက်ကနေပြီး အိပ်နေရင်းက
လက်ယမ်းလိုက်တာ အခုဏကပန်းအိုးလေး
ကိုထိမိပြီး ကျကွဲသွားတယ်လေ.."

လူတွေ စိတ်မရှည်သလိုဖြစ်လာသည်..။

"အဲ့တော့.."

"ကျွန်မလည်း လန့်ပြီးနောက်လှည့်ကြည့်
တော့ ပန်းအိုးကကြမ်းပြင်မှာကျကွဲ့နေတယ်
အခုဏက ကျွန်မလဲပေးထားတဲ့နှင်းဆီပန်း
လေးပေါ်ကပျားကောင်လေးထပျံသွားတာ
တွေ့လိုက်ရတယ်..အဲ့မှာ ကျွန်မဘဝတော့
သွားပါပြီဆိုတာသိလိုက်ရပြီး..မျက်နှာကို
လက်အုပ်ပြီး ဆရာ့အိမ်ကပြေးထွက်ခဲ့တယ်"

"အန်..အာ့နဲ့နင့်မှာကိုယ်ဝန်က.."

"ကိုယ်ဝန်ရှိနေပြီဆိုတာ..ဒီနေ့မှသိလိုက်တာ
ပါ မနက်ကကျွန်မသွားတိုက်နေရင်းပျို့တက်
လာပြီးအန်တယ် အဲ့မှာကျွန်မကိုယ်ဝန်ရှိနေပြီ
ဆိုတာသိလိုက်တာ.."

"ဟာ..မဟုတ်သေးပါဘူး.."

"ဘာမဟုတ်သေးပါဘူးလဲဆရာ..
မိအေးကိုတောသူဆိုပြီးအထင်မသေးပါနဲ့..
မြန်မာဗွီဒီယိုကားတွေကြည့်ထားတာပါ..
သူဌေးသားကမူးလာတယ်၊အိမ်ဖော်မလေးက
သူဌေးသားအခန်းသန့်ရှင်းရေးလုပ်နေတယ်၊
ပြီးရင် ပန်းအိုးကျကွဲတယ်၊ပန်းပွင့်ကိုပျားက
နမ်းပြီး ထပျံသွားတယ်၊နောက်တော့..
အိမ်ဖော်မလေးပျို့အန်တယ်၊ပြီးရင်ကိုယ်ဝန်
ရလာတော့ သူဌေးသားကမယူနိုင်ဘူး
ငြင်းတယ်.၊ဆရာလည်းငြင်းမှာမလား..
သိပါတယ်..မိအေးကိုကကံဆိုးတာပါ..
အရက်မူးမကျဘူးဆိုကတည်းကလှည့်ပြန်
လာရမှာ..အခုတော့ သူ့အခန်းထဲဝင်မိတယ်
ပန်းအိုးကွဲတဲ့အဆင့်ကိုရောက်ရတယ်..
ဟီး.."

မိအေး ပြောပြောဆိုဆိုဗြဲကနဲထငိုလေသည်။
နားစွင့်နေသောလူအုပ်ကြီး.."ဟင်"ခနဲ..
"ဟာ"ခနဲဖြစ်ကုန်သည်..။.
ထိုအထဲတွင်မှ မိအေးအမေ ဒေါ်မြသစ်
မျက်နှာကြီးရဲပြီးပါစပ်ဟောင်းလောင်းကြီး..
အုပ်ချုပ်ရေးမှူး ဒေါသပေါက်ကွဲသွားလေသည်

"ငိုးမမိအေး အဲ ငါဒီလိုဆဲရင်လည်း..
နောက်တစ်ခါပျို့ရင် ငါ့ကြောင့်ဖြစ်ဦးမယ်
သွားတော့ ဒေါ်မြသစ် ခင်ဗျားသမီးကို..
ကျမ္မာရေးမှူးဆီခေါ်ပြီးဆေးစစ်ပြလိုက်"

ထိုတော့မှ မြို့ကနေတောရွာလေးဆင်းပြီး
စာသင်ပေးနေတဲ့ သူဌေးသားလေး..
ဆရာပင်ကိုခဗျာ သက်ပြင်းမောကြီးချမိလေ
တော့သည်..။

(မြန်မာဗွီဒီယိုကားများနှင့်မြန်မာရုပ်သံဇာတ်
လမ်းတွဲအား ဂုဏ်ပြုအပ်ပါသည်)
#crd

ဆောက်​လုပ်​​ရေးနှင့်​လယ်​ယာ​မြေ

RE